မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် အမျိုးသမီး(Amateur) ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ ဥက္ကလာဂေါက်ကွင်းမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်နှင့် ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar (JGM) အတွင်းရေးမှူး ဦးကျော်မင်းမင်းလတ်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်း၌ ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ပြီး၊ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၇ရက်နေ့မှ ၂၀ရက်နေ့အထိ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။