News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်မှ မြို့တော်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ကျင်းအမှတ် (၅)တွင် Hole In One ဆုရရှိသူတို့အား ပေးအပ်ရာ မြို့တော်ဂေါက်ကွင်းအထွေထွေမန်နေဂျာ ဦးမင်းညွန့်နှင့် Hole In One ဆုရရှိသူ ဦးသန်းထွန်းတို့မှ အသီးသီးလက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်ဖြင့် Best Amateur Player ဆုရရှိသူဇော်ဇော်ထွန်းအား ဆုပေးအပ်သည်။
ဆက်လက်ပြီးရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဌေးအောင်မှ Senior Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၁ချက်ဖြင့် တတိယဆုရရှိသော ဦးမြင့်သောင်းအားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၁၇ ချက်ဖြင့် ဒုတိယဆုရရှိသော စိုးကျော်နိုင် (Taylormade) တို့အားလည်ကောင်း၊ Tour Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက်၂၈၁ချက်ဖြင့် တတိယဆုရရှိသောမျိုးဝင်းအောင်၊ စုစုပေါင်းရိုက်ချက်၂၈၀ဖြင့် ဒုတိယဆုရရှိသောသီဟဌေး(HAN Golf Masters) တို့အားလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးမှ စုစုပေါင်းရိုက်ချက် ၂၀၅ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၁ချက်လျော့ရိုက်ကာ ပထမဆုရရှိသော ဦးမင်းနိုင်အား ပထမဆုဖလားနှင့် ဆုကြေးငွေချက်လက်မှတ် တို့ကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် Tour Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၇၉ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၉ချက်လျော့ရိုက်ကာ ပထမဆုရရှိသော နိုင်နိုင်လင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောာင်မှ ဥက္ကဋ္ဌဖလားနှင့် ဆုကြေးငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဆုရရှိသူများမှ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် စုစုပေါင်းပြိုင်ပွဲအားကစားသမား (၇၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။