မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အထက်မြန်မာပြည်ဂေါက်သီးအားကစား ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုဇော်၊ ရန်ကုန်ဂေါက်ကွင်း အတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ယနေ့ ပြိုင်ပွဲတွင် ဝါသနာရှင် အဆင့် (အမျိုးသား) ၁၄၇ ဦး၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (အသက်၅၅)နှစ်နှင့်အထက် ၂၇ဦး စုစုပေါင်း အားကစားသမား ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲကို ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။