News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဝါသနာရှင်အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကိုကိုချစ်တို့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်းမှရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)သို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အား ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေမှ အသီးသီးလက်ခံရယူသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ချင်းမှ သက်ကြီးတန်း ဝါသနာရှင်အဆင့် (အသက် ၅၅နှစ်နှင့်အထက်) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၃၀ချက်ဖြင့် တတိယရှိသော ဦးဝင်းစိန်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ စုစုပေါင်းရိုက်ချက် ၂၂၉ချက်ဖြင့် ဒုတိယဆု ရရှိသော ဦးဆန်းမင်း(မော်လမြိုင်)၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် အားကစားသမားများဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေမှ စုစုပေါင်းရိုက်ချက် ၂၂၈ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေးတို့အားဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်မှ ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၈ချက်ဖြင့် ဒုတိယဆု ရရှိသော ဟိန်းနိုင်ဇင်အားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ စုစုပေါင်းသတ်မှတ်ရိုက်ချက် ၂၈၆ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂ချက်လျော့ရိုက်ကာ ပထမဆုရရှိသော ကောင်းထိုက်ဇော်တို့အားလည်းကောင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပြီး၊ ဥက္ကဋ္ဌ ဦးကိုကိုအေးမှ ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲဆုကြေးငွေအား ကူညီပံ့ပိုးပေးပါသော ဦးလှမြင့်ရွှေအား ဂုဏ်ပြုမှတ်လွှာအားလည်းကောင်း၊ နာယက ဦးအောင်ကြည်မှ ပြိုင်ပွဲတစ်ခုလုံးအား ကူညီပံ့ပိုးပေးပါသော Burmese Golf (BG) အားဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးအောင်မြင့်ကျော်မှ လက်ခံရယူသည်။

 

ပြိုင်ပွဲကို ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ယခုပြိုင်ပွဲကို Alpine သောက်ရေသန့်၊ Royal D နှင့် Hikari အချိုရည်တို့က ကူညီပံ့ပိုးကြသည်။