News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့မှ အဓိကကူညီပံ့ပိုးသော မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ၂၀၂၆ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်(Amateur)၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (Senior Amateur) အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ နှင့် World Handicap ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ကြီးတန်း ဝါသနာရှင်အဆင့် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့ကအလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် (Amateur) ကစားသမား ၁၀၈ဦး၊ သက်ကြီးတန်းဝါသနာရှင်အဆင့် (Senior Amateur) ကစားသမား အသက် ၅၅နှစ်မှ ၆၀နှစ်အထိ ၁၉ ဦး၊ ၆၁နှစ်မှ ၆၅နှစ်အထိ ၂၀ဦး၊ ၆၆နှစ်မှ၇၅နှစ်အထိ ၁၂ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီး အားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ၂၀၂၆ ခုနှစ် သြဂုတ်လ ၃ရက်နေ့မှ ၆ ရက်နေ့ အထိ ၄ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယခုပြိုင်ပွဲကို Burmese Golf (BG)၊ ဦးစိုး(ရွှေဝါတောင်ကုမ္ပဏီလီမိတက်)၊ Alpine သောက်ရေသန့်နှင့် Alpine Vitamin Drink တို့ကလည်း ထပ်မံ ကူညီပံ့ပိုးပေးကြသည်။