NewsTournament

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ယနေ့ ပြိုင်ပွဲတွင် Tour Pro အဆင့် ၃၆ ဦး၊ Senior Pro အဆင့် ၂၈ ဦး၊ ဝါသနာရှင်အဆင့် (၉)ဦး စုစုပေါင်း အားကစားသမား ၇၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲကို ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ပြီး ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။