News

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမြင့်အောင်က ရန်ကုန်ဂေါက်ကွင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အမှုဆောင် ဦးစစ်တိုင်းအောင်က လက်ခံရယူသည်။

ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်းအားကစားသမားများဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေက ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၅၆ ချက်ဖြင့် ဒုတိယရရှိသည့် ဦးဆန်းမင်း၊ စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက ဝါသနာရှင်အဆင့် (အမျိုးသမီး)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၄ ချက်ဖြင့် ဒုတိယဆုရရှိသော ခိုင်ဇင်အောင်၊ စုစုပေါင်းရိုက်ချက် ၂၃၁ ချက်ဖြင့် ပထမဆုရရှိသော ပြုံးပြုံးထွေးတို့ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်က ဝါသနာရှင်အဆင့်တွင် စုစုပေါင်းရိုက်ချက် ၂၉၇ ချက်ဖြင့် ဒုတိယဆုရရှိသည့်ဇော်ဇော်ထွန်း၊ စုစုပေါင်းရိုက်ချက်၂၉၅ ချက်ဖြင့် ပထမရရှိသည့် ကျော်ကိုကိုချစ်တို့ကိုလည်းကောင်း ဆုပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဆုရရှိသူများမှ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးသည်။ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး ဂေါက်သီးရိုက်အားကစားသမားစုစုပေါင်း ၁၉၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။