News

မြန်မာဂေါက်သီးရိုက်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Capitol Hill Golf Club (Prattville, Alabama) ၌ ပြုလုပ်သွားမည်ဖြစ်သည်။

ဖူးပွင့်ရတီခိုင်သည် ၂၀၂၁ခုနှစ် မေ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပသည့် PGA WORKS Collegiate Championship Women’s Individual ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့် Symetra Tour ၏ Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲကစားစရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည် Symetra Tour မှာ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသမီး ဂေါ့ဖ်ပြိုင်ပွဲဖြစ်သော LPGA Tour လက်အောက်ရှိပြိုင်ပွဲတစ်ခုဖြစ်ပြီး လူငယ်အမျိုးသမီးဂေါ့ဖ် ကစားသမားများအတွက် ကျင်းပပေးသည့်ပြိုင်ပွဲဖြစ်သည်။ ဖူးပွင့်ရတီခိုင် ချန်ပီယံဖြစ်ခဲ့သည့် PGA WORKS Collegiate Championship Women’s ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှဖိတ်ကြားထားသော ဂေါ့ဖ်အားကစားမယ်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းက သုံးရက်ပေါင်းရိုက်ချက် ၂၁၈ ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် နှစ်ချက်ပိုရိုက်ကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန် နိုင်ငံရှိUniversity of North Carolina Wilmington (UNCW) တွင်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ပြီး အမေရိကန်၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများကို အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ ၂၀၁၉ခုနှစ်က ကျင်းပခဲ့သည့် CAA Women’s Golf Championship ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။

ယခုဝင်ရောက်ယှဉ်ပြိုင်မည့် Guardian Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကစားသမား (၁၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၇၅၀၀၀ (တစ်သိန်းခုနှစ်သောင်းငါးထောင်) ချီးမြှင့်မည်ဖြစ်ပြီး ဖူးပွင့်ရတီခိုင်သည် (Amateur) အဆင့်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။