Amature News

စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ Blue Canyon Country Club (Lakes Course) ၌ ကျင်းပသည့်Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။

ရဲထက်အောင်သည် ယင်းပြိုင်ပွဲ ပထမနေ့တွင် ၆၉ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက်၁၃၅ ချက်ရိုက်ကာ သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျော့ရိုက်ပြီး အခြားထိုင်းကစားသမားနှစ်ဦးနှင့်အတူ  ပူးတွဲတတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံမှ ကစားသမားများနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် Pol KEMARAT (ထိုင်း) က ပထမ၊ Chayodom CHANJARUPHONG (ထိုင်း) က ဒုတိယရရှိပြီး ရဲထက်အောင်နှင့်အတူ Nattapong PUTTA (ထိုင်း) နှင့် Siri SIRICHAROEN (ထိုင်း)တို့က ပူးတွဲတတိယဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ရဲထက်အောင်သည် ထိုင်းနိုင်ငံ၌ကျင်းပသော Professional အဆင့်ပြိုင်ပွဲများနှင့် ပြည်ပနိုင်ငံများ၌ကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း Asian Tour မှ ကျင်းပသော ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသူတစ်ဦးလဲဖြစ်ကြောင်း သိရှိရသည်။