News

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့မှကြီးမှူး၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းလိုက် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ဂေါက်ကွင်း(ငွေသော်တာ)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အသင်းများမှအားကစားသမားများတက်ရောက် ကြသည်။

ပထမဦးစွာ အားကစားသမားများသည် သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အားကစားအဓိဌာန် ၄ချက်ကို ရွတ်ဆိုပြီး၊ တတ်ရောက်လာကြသော တာဝန်ရှိလူကြီးများမှ အားကစားသမားအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ နှင့် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က အလှည့်ကျဂေါက်သီး ရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁၅ သင်းမှ ပြိုင်ပွဲဝင် အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၁ဦး စုစုပေါင်း ၁၂၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကိုရန်ကုန်မြို့ရှိ မြို့တော် ဂေါက်ကွင်း (ငွေသော်တာ) တွင် ဖေဖော်ဝါရီ ၉ရက်မှ၁၁ရက် နေ့အထိ ၃ရက်ကျင်းပသွားမည် ဖြစ်သည်။