ရန်ကုန်။ ။၂၀၂၅ သြဂုတ် ၄
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော Burmese Golf Amateur Open ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်ဂေါက်ကွင်း အတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် အလုပ်အမှုဆောင် များက အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ယနေ့ ပြိုင်ပွဲတွင် ဝါသနာရှင် အဆင့် (အမျိုးသား) ၁၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ သြဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။