News

ရန်ကုန်။ ။ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက် အသင်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ Junior Golf Myanmar (JGM)၊ မြန်မာဂေါက်သီးရိုက်အသင်း မှအမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဒေါက်တာချိုထွန်း၊ Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးနှင့် မြန်မာဂေါက်သီးရိုက်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးကိုကိုစိုးက အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့် အတန်း တိုးတက် လာစေရန်နှင့် နိုင်ငံတကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ (၉)မိုင်ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွား မည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့် (အမျိုးသား၊အမျိုးသမီး)နှင့် ဝါသနာရှင်အဆင့် သက်ကြီးတန်း ပြိုင်ပွဲများကို ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) တွင်ဖေဖော်ဝါရီ ၁၉ရက်မှ ၂၂ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။