NewsTournament

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ Professional ကစားသမားများဖြစ်ကြသည့် ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုးနှင့် ကျော်သက်ဦးတို့သည် လက်ရည်စစ်ပွဲ အောင်မြင်ပြီး 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်

လက်ရည်စစ်ပွဲကို ထိုင်းနိုင်ငံ Kabinburi Sport Club, Prachinburi တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၂ရက်မှ ၂၅ရက်နေ့အထိ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲအား ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဘိုဘိုလေး၊ ဇော်ဇော်လတ်၊ သီဟဌေး၊ စိုးမိုးဝင်းနှင့်ရန်မျိုးအေးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဘိုဘိုလေးက စုစုပေါင်းရိုက်ချက် ၂၈၉ချက်၊ ဇော်ဇော်လတ်က စုစုပေါင်းရိုက်ချက် ၂၉၀ချက်နှင့် သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၉၉ချက်တို့ဖြင့် ပထမအဆင့် လက်ရည်စစ်ပွဲကိုအောင်မြင်ခဲ့ကြသည်။
2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ နောက်ဆုံးအဆင့်ကို ထိုင်းနိုင်ငံ Watermill Golf Club & Resort, Nakhon Nayok တွင်၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂ရက်အထိ ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံမှ ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုး၊ ကျော်သက်ဦး၊ ဇော်ဇော်လတ်နှင့် ဘိုဘိုလေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရဲထက်အောင်က စုစုပေါင်းရိုက်ချက်၂၈၆ချက်ဖြင့် အဆင့်၂၀တွင်လည်းကောင်း၊ သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၈၇ချက်ဖြင့် အဆင့် ၂၂ ဖြင့်လည်းကောင်း၊ အောင်ဆန်းမျိုးနှင့်ကျော်သက်ဦးက စုစုပေါင်းရိုက်ချက် ၂၈၈ချက်ဖြင့် အဆင့် ၂၇ ပူးတွဲဖြင့်လည်းကောင်း နောက်ဆုံးအဆင့် လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၅)နိုင်ငံတို့မှ ပထမအဆင့်တွင် ကစားသမား ၁၄၃ဦးနှင့် နောက်ဆုံးအဆင့်တွင် ၁၂၆ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ (၄၃)ဦးသာ လက်ရည်စစ်ပွဲအောင်မြင်၍ 2023 All Thailand ဂေါက်သီး ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါသည်။

ယခုလက်ရည်စစ်ပွဲအောင်မြင်ခဲ့သော ကစားသမားများသည် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (Myanmar Golf Tour) များတွင်လည်း ဆုများရရှိခဲ့ကြသော ကစားသမားများဖြစ်ကြောင်း သိရှိရသည်။