2022၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)NewsTournament

ပြင်ဦးလွင် နိုဝင်ဘာ ၁၄
=====================================

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော် အရာရှိကြီးများ၊ Mytel Operator မှတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Mytel Operator ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများက အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲအတွက် ဝါသနာရှင်အဆင့် (အမျိုးသား) လက်ရည်စစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော် ဂေါက်ကွင်းနှင့် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တွင် အောက်တိုဘာ ၃၁ရက်နှင့်နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပ၍ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စိစစ်ရွေးချယ်ပြီး၊ ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ကျင်းပပြီးစီးခဲ့သည် ပွဲစဉ် ၆ ပွဲတို့တွင် အမှတ်ပေးဇယားများအရ အဆင့် ၁ မှ ၃၀ အတွင်း ရရှိခဲ့သူများသည် လက်ရည်စစ် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုဘဲ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြောင်းသိရသည်။
ယနေ့ ပြိုင်ပွဲတွင် ပညာရှင်အဆင့် ၃၃ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသား) ၉၅ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသမီး)၅၈ ဦး စုစုပေါင်း အားကစားသမား ၁၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ယခုပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား) (H’cap 0-12) ဝါသနာရှင်အဆင့် (အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်၍ ပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်း များနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပလျက်ရှိကြောင်း၊ ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။